International News

တိရစ္ဆာန်အစာ ပဲပိစပ်ကို တရုတ် လျှော့ချတင်သွင်း

Last Updated:

တရုတ်အစိုးရသည် တိရစ္ဆာန်အစာအဖြစ် ပဲပိစပ်တင်သွင်းမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ပထမအပတ်က ကြေညာခဲ့ပြီး ပြည်တွင်းပဲပိစပ်လိုအပ်ချက်အတွက် သွင်းကုန်အပေါ်တွင်သာ မှီခိုနေခြင်းသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးပန်းတိုင်များနှင့် ဆန့်ကျင်နေကြောင်း တရုတ်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲပိစပ် အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး တိရစ္ဆာန်အစာ ဝယ်လိုအားကြီးမြင့်မှုက အဓိကအကြောင်းရင်းတစ်ချက် ဖြစ်ပါသည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA)၏ အချက်အလက်များအရ ၂၀၁၉ ခုနှစ် တစ်နှစ်တည်းတွင် တရုတ်နိုင်ငံ၏ ပြည်တွင်း ပဲပိစပ်သုံးစွဲမှုမှာ မက်ထရစ်တန် ၁၁၀.၃၂ သန်းအထိ ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မက်ထရစ်တန် ၁၁၂.၇၃ သန်းသို့ တိုးမြင့်လာခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် မက်ထရစ်တန် ၁၀၆.၇၂ သန်းသို့ ပြန်လည်လျော့ကျခဲ့သော်လည်း ပဲပိစပ်တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော်အထိ သုံးစွဲခဲ့သည်ကို တွေ့ရှိရပါသည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တရုတ်နိုင်ငံ၏ ပြည်တွင်း ပဲပိစပ်ထုတ်လုပ်နိုင်မှုပမာဏမှာ ပျမ်းမျှအားဖြင့် ၁၈ မက်ထရစ်တန် ဖြစ်ပါသည်။ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရေးအတွက်၂၀၁၉ ခုနှစ်တွင် ပဲပိစပ်တန်ချိန် ၉၈.၅၃ သန်း တင်သွင်းခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်တင်သွင်းမှုတန်ချိန် ၉၉ သန်းအထိ မြင့်တက်လာခဲ့ပါသည်။

သို့ရာတွင် ပြည်တွင်းသုံးစွဲမှုသည် ၂၀၂၁ ခုနှစ်တွင် ကျဆင်းခဲ့သည်ကို တွေ့ရှိရပြီး တင်သွင်းမှုမှာလည်း တန်ချိန်သန်း ၉၀ အထိ ကျဆင်းခဲ့ပါသည်။ ယခင်နှစ်က ပြည်တွင်းသုံးစွဲမှုနှင့် သွင်းကုန်များ ၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပြီး ကပ်ရောဂါ၏သက်ရောက်မှုကြောင့် ဆက်လက်ကျဆင်းနိုင်ကြောင်းနှင့် လက်ရှိအခြေအနေသည် တရုတ်နိုင်ငံအတွက် ကောင်းမွန်နေသေးသော်လည်း စိုက်ပျိုးမှုအခက်အခဲများကြောင့် ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပမှ တင်သွင်းမှုများ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြပါသည်။

တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ဖွဲနု၊ ပြောင်း၊ ဆန်၊ ဂျုံ၊ မုယောနှင့် ပီလောပီနံ စသည့် အခြားသီးနှံများကို ပဲပိစပ်အစားထိုးအဖြစ် အသုံးပြုရန် အဆိုပြုထားပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်းကြတ်စေ့၊ နေကြာစေ့နှင့် နှမ်းကဲ့သို့သော အခြားဆီထွက်သီးနှံများကို ပဲပိစပ်အစားထိုး စိုက်ပျိုးရန် အကြံပြုထားပါသည်။

တောင်သူလယ်သမားများအတွက် ကုန်ကျစရိတ်သက်သာစေရန်နှင့် တိရစ္ဆာန်အစားအစာ ထုတ်လုပ်သူများအတွက် အကျိုးခံစားခွင့် ပိုမိုရရှိရန် ပဲပိစပ်အသုံးပြုမှုကို လျှော့ချသင့်ကြောင်း တရုတ်အစိုးရက ထပ်လောင်းတိုက်တွန်းခဲ့သော်လည်း TRIDGE ၏လေ့လာသုံးသပ်ချက်အရ မြေပဲ၊ မုန်ညင်း၊ နှမ်းနှင့် နေကြာစသည့် အခြားအစားထိုးသီးနှံများ စိုက်ပျိုးရာတွင် အခက်အခဲများရှိကြောင်း တွေ့ရှိရပါသည်။

စားနပ်ရိက္ခာဖူလုံမှု သေချာစေရန်အတွက် ပဲပိစပ်သုံးစွဲမှုကို လျှော့ချမည့် တရုတ်အစိုးရသည် လယ်သမားများအား အစားထိုး စိုက်ပျိုးထုတ်လုပ်ရမည့် အခြားသီးနှံများ အလွယ်တကူရရှိရန်နှင့် နည်းလမ်းသစ်များဖြင့် ပိုမိုကောင်းမွန်သော ထောက်ပံ့ရေးကွင်းဆက်များ ပံ့ပိုးပေးနိုင်ရန်လိုအပ်ပါသည်။

 

 

လဲ့လဲ့နှင်း (MYANTRADE)

Category: International News